Thursday, 15 November 2012
ဝမ်းနည်းမှတ်တမ်း
ကားဂိတ်ရောက်အောင် အနည်းငယ် လမ်းလျှောက်ရဦးမည် ထုံစံ အတိုင်း ခေါင်းကို ငုံ့ကာ လျှောက်နေမိ၏ .... ဘယ်သူ့ ကို မှ မနှုတ်ဆက်လိုသောကြောင့် ဖြစ်သည် စကားတွေ ရှည်ရှည်ဝေးဝေး လည်း မပြောချင် ဘယ်နေရာ မှာ ဘယ်လို သိကျွမ်းဘူး သည်ကို လည်း မစဉ်းစားတက်သောကြောင့်ဖြစ်သည် .... မိုး အကုန် ဆောင်းကူးသော ကာလဖြစ်သောကြောင့် မိုးလည်း မရွာတော့ အေးလည်း မအေးပဲ နေ့လည်ခင်း နေသည် ပူလောင်လွန်း၏ ....။
တကယ်ဆို ဘယ်နေရာ သွားလာချင်စိတ်မရှိသော်လည်း မဖြစ်မနေ အပြင်ထွက်ရမည့် ကိစ္စအနည်းငယ် ရှိနေသေးသည် .... အိမ်ထဲတွင် တနေကုန် နေသော်လည်း ပူသည် ... မီးလာသည့် အချိန်တွင် အဲယားကွန်း မရှိသော်လည်း ပန်ကာ ဖြင့် နေနိုင်သေးသည် .... သို့သော်လည်း မီးက ၂၄ မလာနိုင်သေးသော နိုင်ငံအတွင်း ခဏတာ အပန်းဖြေ အနားယူလျက်ရှိ၏ .... ခန္ဒာကိုယ် တခုလုံး ပေါ်သို့ အပူဓါတ်ရှိနေသော အလွှာပါး တခုခု ဖြင့် ဖုံးအုပ်ထား သကဲ့သို့ ခံစားမိလေသည် ....။
ကားဂိတ်ရောက်သော အခါ မိမိသွားလိုနေရာသို့ ပို့ဆောင်ပေးမည့် ကားကို စောင့်ရသည် အထူးကား သည် ဘာတွေထူးသည်မသိ အထူး ဟု ရေးသားထားလေသည် .... ကားပေါ် တိုးကာဝှေ့ကာ တက်ရ၏ ကားတံခါး အားလုံး ဖွင့်ထားသော်လည်း လူများသောကြောင့် ပူသည် အဲယား ကွန်း မရှိသည် မှာ နှစ်ပေါင်း အတော်ကြာခဲ့လေပီ .... ပူသည် ပူသည် ဟုသာ စိတ်ထဲတွင် အကြိမ်ကြိမ် မြည်တမ်းမိလေသည် .... ချွေးသီး ချွေးပေါက်များ ပိုးပိုးပေါက်ပေါက် ကျလာကာ အကျီတထည်လုံး ရွှဲရွှဲ စိုကုန်သည် .... ။
ပုဆိုးဖြင့် သွားလာ လှုပ်ရှားရသည် ကို နှစ်သက်သောကြောင့် ဘောင်းဘီရှည် ကို အတက်နိုင်ဆုံး မ၀တ်ဖြစ်အောင်နေမိသည် .... ပုဆိုး ဖြင့် သွားလာရခြင်းသည် မိမိ အတွက် ပြဿနာ အနည်းငယ်တော့ ရှိသည် .... ပုဆိုးကို ခိုင်အောင်မ၀တ်တက်သောကြောင့် တိုးဝှေ့နေသည့် လူများ အကြားတွင် ကျွတ်ထွက်မသွားရန် လက်တဖက်ဖြင့် ဆုပ်ကိုင်ထားရသေးသည် ကျန်သည့် လက်တဖတ်တွင် ဖုန်းနှင့် ပိုက်ဆံအိပ်အား ကိုင်ထားရသေးသည် .... ပိုက်ဆံအိပ်သည် ခါးကြားတွင် ထိုးသော် ခဏခဏ ပြုတ်ပြုတ်ကျသည် .... ။
တိုးဝှေ့နေသည့် လူများကို အကြောင်းမဲ့ လျှောက်ငေးနေစဉ် တနေရာ အရောက်တွင် လူတယောက်သည် မိမိအား လှမ်းကြည့်ကာ ပြုံးပြနေသည် .... စိတ်ထဲတွင် မကြည်မလင်ဖြစ်နေသော်လည်း ဘာမှန်းမသိ သေသေချာချာ စိတ်လိုလက်ရပြန်လည် ပြုံးပြမိသည် .... ဘယ်နေရာမှာ သိရှိခဲ့သော သူလည်း သေသေချာချာမသိ လူမှား ပြီး ပြုံးပြနေခြင်းလား မသိ စိတ်ထဲတွင် ဘယ်လိုမှ ပုံဖော်၍မရနိုင်ခဲ့ပါ .... မိမိ ဆင်းရမည့်နေရာတွင် ဆင်းခါနီးအထိ မျက်လုံးချင်း ဆုံတိုင်း ပြုံပြခဲ့သည် ....။
လမ်းတလျှောက် ထိုလူအား အမျိုးမျိုး ပုံဖော်ကာ ဦးနှောက် ကို အစွမ်းကုန် အလုပ်ပေးကာ စဉ်းစားလာခဲ့ပြီး နောက်ဆုံးတွင် အဖြေတခု ထွက်ပေါ်လာခဲ့ပါသည် ....။
မိမိ ငယ်စဉ်ဘ၀က ပေါင်းသင်းလာခဲ့သော သူငယ်ချင်းများထဲက သူငယ်ချင်းတယောက် ....
ပြန်လည် ရှာဖွေကာ တွေ့ဆုံပြီး ငယ်စဉ်က အကြောင်းတွေ တ၀ကြီး ပြောမည် စဉ်းစားထားခဲ့သည့် သူတယောက် ....
သူဘာကြောင့် စကားစပြောကာ မခေါ်ခဲ့သလဲ မိမိ ကရော ဘာကြောင့် စကားစမပြောမိသလဲ စဉ်းစားနေစဉ် သူငယ်ချင်းအား ဆက်လက်တင်ဆောင်သွားသော အထူး ကားကြီးသည် မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည် ....။
Labels:
အမှတ်တရ
Subscribe to:
Post Comments (Atom)
ဖြစ်တတ်ပါတယ်....တစ်ဘက်ကလည်း ကိုယ့်ကို သိပ်မသေချာ၊ကိုယ်ကလည်း
ReplyDeleteသူ့ကို သိပ်မမှတ်မိ....၊ဒီတော့ ရုတ်တရက်ပြန်ခေါ်ဖို့ဆွံအသွားတတ်ရဲ့...၊
ဆရာကန်တော့ပွဲလို၊ကျောင်းသားဟောင်းများတွေ့ဆုံပွဲလိုမျိုးတွေမှာဆိုရင်တော့
သေချာသလောက်ရှိတာမို့နှုတ်ဆက်ဖြစ်ကြမှာပါပဲ...၊လမ်းမှာဆိုတော့ ရုတ်တ
ရက် ရှော့ဖြစ်သွားတာပေါ့လေ...။